ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၄)


ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၄)
အောင်ဝေး

သြဂုတ် ၂၃၊ ၂၀၀၈


မနေ့က အမေဆုံးတယ်။

ကျနော့်ဒိုင်ယာယီထဲမှာ ၂၀၀၈ ဧပြီလ ၇ ရက်နေ့ နံနက် မန္တလေး ဆေးရုံကြီးပေးမှာ အမေလူထုဒေါ်အမာ ကွယ်လွန်တယ် လို့ ရေးမှတ်လိုက်တယ်။

အမေဆုံးပြီ၊ အမေဆုံးပြီ။ အဲဒီအခိုက်မှာ ကျနော့်ဝိညာဉ်ခန္ဓာဟာ ချာချာလည်သွားပါတော့တယ်။ အမေဆုံးပြီ၊ အမေဆုံးပြီ။ ကျနော် ယူကျုံးမရ တမ်းတစွာနဲ့ပဲ အမေရေ၊ အမေရေ၊ အမေရေ လို့ ရေရွတ်မြည်တမ်း နေမိတော့တယ်လေ။

အမေဆုံးပြီ။ ဒါပေမယ့် အမေမဆုံးသေးပါ။ ဆရာမောင်ထင်ရဲ့ ကိုဒေါင်းဝတ္ထုထဲက စာသား ခဏငှားပြောရမယ်ဆိုရင် ‘အမေကား ကွယ်လွန်လေပြီ။ အမေသည် သက်တော်ရာကျော် ရှည်ပါစေသတည်း။’

အခါအားလျော်စွာ အမေ့မွေးနေ့တွေကို ကျနော်ရောက်တတ်ပါတယ်။ အင်မတန် စည်ကားလှတဲ့ တောင်သမန် တောင်လေးလုံးကျောင်းက အမေ့မွေးနေ့ပွဲတွေဟာ ကြည်နူးချမ်းမြေ့စရာကောင်းပါတယ်။ မန္တလေးမှာနေတဲ့ အမေနဲ့ တွေ့ရလို့၊ အမေ့ကို ကန်တော့ရဖို့ အမေရဲ့ ရဲဘော်ရဲဘက် လူကြီးတွေ၊ တပည့်သားမြေး လူငယ်တွေဟာ နှစ်စဉ် မပျက် မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ အမေ့မွေးနေ့ကို ချီတက်ခဲ့ကြတာပါ။ လူထုဘက်က ရပ်တည်တဲ့ သက်တော်ရှည်သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီးတယောက်ရဲ့ မွေးနေ့ဟာ စာပေညီလာခံတခုလို အဓိပ္ပာယ် ပြည့်ဝ လေးနက်နေတာပါ။ အမေကွယ်လွန်သွားပေမယ့်လည်း အမေ့ရဲ့ မွေးနေ့ပွဲတွေကတော့ အစဉ်အလာမပျက် ဆက်လက်ကျင်းပသွားမယ်လို့ ကျနော် ယုံကြည်မျှော်လင့်ထားတယ်။

အမေ့ကို ကျနော် ရန်ကုန်မှာ တွေ့ဖူးတာဆိုလို့ ၁၉၈၈ မတိုင်မီ တကြိမ် နဲ့ ၁၉၈၈ အရေးတော်ပုံကြီး ပြီးစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် ဈာပနမှာ တကြိမ်၊ ဒီ နှစ်ကြိမ်ပဲ ရှိပါတယ်။

မှတ်မှတ်ရရပါ။ ဒေါ်ခင်ကြည်ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ အမေကိုယ်တိုင် မန္တလေးကနေ ဆင်းလာတယ်။ အမေ့လက်ထဲမှာ လူထုသတင်းစာတိုက်ရဲ့ လွမ်းသူ့ပန်းခြင်း။ အမေလူထု ဒေါ်အမာဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမီးတယောက်လို ချစ်ခဲ့တယ်။ အားပေးခဲ့တယ်။ ထောက်ခံခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေလူထု ဒေါ်အမာကို အမေရင်းတယောက်လို ချစ်ခင် အားထားခဲ့တာပါ။

အမေဟာ ၁၉၃၆ ဒုတိယ တက္ကသိုလ် ကျောင်းသား တိုက်ပွဲရဲ့ အထင်ကရ သပိတ်မှောက်ကျောင်းသူ။ ကိုအောင်ဆန်းရဲ့ ခေတ်ပြိုင်၊ ကိုဗဟိန်းရဲ့ ခေတ်ပြိုင်ပေါ့။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းဟာ ၁၉၄၆ မှာပဲ မန္တလေးဆေးရုံကြီးပေါ်မှာ ကွယ်လွန်ခဲ့တာပါ။ အခု ၂၀၀၈ မန္တလေးဆေးရုံကြီးပေါ်မှာပဲ အမေ ကွယ်လွန်ခဲ့ပြန်ပါပြီ။

မန္တလေးက အမေ့ဈာပနကို မှန်းဆတွေးမြင်ရင်း တချိန်တုန်းက အမေကိုယ်တိုင် လိုက်လံပို့ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ဈာပနတုန်းက မြင်ကွင်းတွေ အသံတွေကို ကျနော် ပြန်လည် မြင်ယောင် ကြားယောင်လာပါတော့တယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးစ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ရဲ့ ဆရာသမားတွေက NLD အဖွဲ့ချုပ်ကြီးကို တည်ထောင်လိုက်ကြပါတယ်။ ၁၉၈၈ စက်တင်ဘာ ၂၇ ရက်နေ့ပေါ့။ အဲဒီကာလ ဒီဇင်ဘာလထဲမှာ မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ဆုံးပါးခဲ့တာပါ။

ဒေါ်ခင်ကြည်ဈာပနကို ပို့ဆောင်ကြတဲ့နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ ရွှေတိဂုံဘုရားခြေရင်း ကန်တော်မင်ပန်းခြံအထိ ရှစ်ဆယ့်ရှစ်မျိုးဆက်သစ်ကျောင်းသားတွေ၊ NLDလူငယ်တွေဟာ နိုင်မြန်မာရဲ့ ‘ကမ္ဘာမကြေဘူး’ သီချင်းကို လမ်းတလျှောက် ကြေကြေကွဲကွဲ သီဆိုရင်း ပို့ဆောင်နေကြပုံဟာ အခုအချိန်ထိ ကျနော် ရင်ခုန်နေရတုန်းပါ။

‘ကိုယ်တော်မှိုင်း ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေ သခင်အောင်ဆန်း နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ’ ဆိုတဲ့ အဘိုးနဲ့ အဖကို တိုင်တည်ပြီး အမိရဲ့ ဈာပနကို ပို့ဆောင်နေကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်သစ်ကျောင်းသားတွေ၊ NLDလူငယ်တွေရဲ့ ဆွေးမြေ့ကြေကွဲနေတဲ့ မျက်နှာတွေကို ကျနော် အခုထိ မြင်ယောင်နေတုန်းပါ။ သူတို့ရင်ထဲက နာကြည်း တောက်ခေါက်သံတွေကို ကျနော် အခုထိ ကြားယောင်နေတုန်းပါ။

တပြည်လုံးက NLDအဖွဲ့ဝင်တွေ၊ NLDလူငယ်တွေ၊ လူ့ဘောင်သစ်အပါအ၀င် ကျောင်းသားအဖွဲ့အစည်း အသီးသီးက မျိုးဆက်သစ် လူငယ်တွေနဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ဟာ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဈာပနကို ရဲရင့်စွာ ကြေကွဲစွာ ပို့ဆောင်ခဲ့ကြတာပါ။

ဒေါ်ခင်ကြည်ကို မြှုပ်နှံသင်္ဂြိုဟ်မယ့် ကန်တော်မင်ပန်းခြံတ၀ိုက်မှာတော့ လက်နက်ကိုင်စစ်သားတွေနဲ့ စစ်ထောက်လှမ်းရေးတွေက အပြည့်၊ အသင့်နေရာယူထားကြတာပါ။ ကျနော်တို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ ‘စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ထူထောင်ရမယ်’ ဆိုတဲ့ စကားအတိုင်း ငြိမ်းချမ်းစွာနဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဈာပနကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးတွေနဲ့ စစ်သားတွေရဲ့ သေနတ်ပြောင်းရှေ့မှောက်မှာ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေ၊ NLD လူငယ်တွေဟာ ‘ကမ္ဘာမကြေဘူး’ သီချင်းကို မကြောက်မရွံ့ ရဲရဲရင့်ရင့် သီဆိုခဲ့ကြတာပါ။ ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်လိုက်ခဲ့ကြတာပါ။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်းရဲ့ အစ ပထမပိုင်း ဇာတ်ဝင်ခန်းတွေမှာ ဒီ ‘ကမ္ဘာမကြေဘူး’ သီချင်းနဲ့ ဒေါ်ခင်ကြည်ဈာပနဟာ သမိုင်းဝင်ခဲ့တာပဲပေါ့။

မန္တလေးက အမေလူထု ဒေါ်အမာရဲ့ ဈာပနကို ‘ကမ္ဘာမကြေဘူး’ သီချင်းဆိုရင်း ပို့ဆောင်လိုက်ချင်ပါရဲ့။ ကျနော်တို့ ဘယ်တော့ သီချင်း ရဲရဲ ဆိုရမလဲ အမေ။

(မှတ်ချက်-၂၀၀၈ ဇူလိုင် ၉ ရက်နေ့တွင် RFAသတင်းဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်သည်။)

Comments