ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၃)


ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၃)
အောင်ဝေး

သြဂုတ် ၁၆၊ ၂၀၀၈

လွမ်းသည်။

တခါ တခါတော့လည်း တော်လှန်ရေးဟာ လွမ်းစရာ ကောင်းနေတတ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ဇာတ်ဝင်ခန်းတွေဟာ တခန်းပြီးတခန်း လွမ်းလို့မဆုံးနိုင်တဲ့ သမိုင်းဇာတ်ခုံကြီးပေါ်မှာ ဖြတ်သန်းသွားခဲ့လေရဲ့။

ခွပ်ဒေါင်းအလံတွေ တလူလူလွင့်ခဲ့တဲ့၊ ခွပ်ဒေါင်းသွေးတွေ တရဲရဲနီခဲ့တဲ့ ဇာတ်ဝင်ခန်း တနေရာမှာတော့ သမိုင်းဝင် လူထုစည်းဝေးပွဲကြီးတခု ဖြစ်တည်ခဲ့ဖူးတယ်လေ။

အချိန်က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့။

နေရာက ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ရင်ပြင်။

စည်းဝေးပွဲက ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်းပြောမယ့်ပွဲပါပဲ။

အဲဒီ လူထုစည်းဝေးပွဲကြီးအတွက် ရန်ကုန်မြို့ လူထုဟာ တညလုံး အိပ်မပျော်နိုင်လောက်အောင် ရင်ခုန်၊ စိတ်စောနေခဲ့ကြပါတယ်။ မဆလ စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းဝေးပွဲကို အသာတကြည်နဲ့ ခွင့်ပြုလိမ့်မယ် မဟုတ်ဘူး ဆိုတာကိုတော့ ပြည်သူတွေက မျှော်လင့်ပြီးသားပါ။

ဟော မိုးတောင် မလင်းသေးပါဘူး၊ သြဂုတ်လ ၂၆ ရက် ဝေလီဝေလင်းမှာ မဆလ စစ်အုပ်စုရဲ့ ဇာတိက ပေါ်လာတော့တာပါပဲ။

ရန်ကုန်မြို့လယ်ကောင် နေရာအနှံ့မှာ မဆလ စစ်ထောက်လှမ်းရေးတွေက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ ရှုတ်ချထားတဲ့ ၀ါဒဖြန့် စာရွက်တွေ ကားနဲ့ လိုက်ကြဲချသွားပါတယ်။ ဒါပေမယ့် မဆလရဲ့အကြံဟာ သူတို့ထင်သလို ဖြစ်မလာခဲ့ပါဘူး။

စာရွက်တွေ လိုက်ကြဲတဲ့ ဗိုလ်မှူးစည်သူ ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးတစုကို ပန်းဘဲတန်းမြို့နယ်ထဲက မွတ်ဆလင်လူငယ်တွေက လက်ရ ၀ိုင်းဖမ်းပြီး၊ သရက်တောက သံဃာတော်တွေလက်ထဲကို အပ်နှံလိုက်ကြပါတယ်။

အဲဒီသတင်းဟာ ရန်ကုန်တမြို့လုံးကို တောမီးလောင်သလို တခဏချင်း ပျံ့နှံ့လို့သွားပါပြီ။ ပြည်သူလူထုကြီးရဲ့ ခံပြင်း တောက်ခေါက်သံတွေဟာ မိုးလုံးညံလို့ သွားပါတော့တယ်။

မဆလစစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတရားပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ပါပဲ။ မပြေးသော် ကံရာရှိ၊ အဲဒီမတိုင်မီ တရက်အလို ကပ်ပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ မဆလစစ်တပ်က ဦးအောင်ကြီးကို ဖမ်းဆီးထိန်းသိမ်းထားရာကနေ ဗြုန်းစားကြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးအောင်ကြီးကလည်း လွတ်လာလာချင်း စမ်းချောင်းပဒုမ္မာကွင်းမှာ လူထုစည်းဝေးပွဲလုပ်ပြီး ဗိုလ်ချုပ်အောင်ကြီး မိန့််ခွန်းပြောပါတော့တယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းခံတွေထဲမှာ ဗိုလ်ချုပ်အောင်ကြီးရဲ့ သမ္မတဦးနေ၀င်းထံသို့ အိတ်ဖွင့်ပေးစာတွေဟာ ပြည်သူကြား ပျံ့နှံ့ပြီး လူထုကို တစုံတရာ စည်းရုံးလှုံ့ဆော်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတော့ ကျနော်တို့ အသိအမှတ်ပြုနိုင်ကြပါတယ်။

ဒါပေမယ့် အဲဒီ စမ်းချောင်းပဒုမ္မာကွင်းမှာ ဦးအောင်ကြီးပြောလိုက်တဲ့ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုတဲ့ စကားကိုတော့ ပြည်သူလူထုကြီးက ဘယ်လိုမှ လက်မခံနိုင်ခဲ့ကြပါဘူး။

ဦးအောင်ကြီးရဲ့ ဒီမိန့်ခွန်းကို မကျေနပ်ကြတဲ့ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲ ဆိုတာ ကြားချင်ဇောနဲ့ တက်ကြွနေကြပါပြီ။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးစည်သူနဲ့ အဖွဲ့ကိုတော့ သရက်တောက သံဃာတော်တွေကပဲ မဆလစစ်တပ်ကို ကောင်းကောင်းမွန်မွန် ပြန်လည်ပေးအပ်လိုက်ပါတယ်။

မဆလရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ ပြည်သူလူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်မုခ် လူထုစည်းဝေးပွဲကြီးဆီကို တခဲနက် ငြာသံပေး ချီတက်လာနေကြပါပြီ။

ရွှေတိဂုံဘုရားခြေရင်း ပတ်ပတ်လည်၊ တော်လှန်ရေးပန်းခြံ၊ လမ်းတကာလမ်း ခွပ်ဒေါင်းအလံတွေ တလူလူ၊ ဒီမိုကရေစီကြွေးကြော်သံတွေ တဆူဆူနဲ့ပဲပေါ့။

အဲဒီနေ့မနက်က ရွှေတိဂုံအနောက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့််ခွန်းပြောပါတယ်။

အဲဒီပွဲမှာ အခမ်းအနားမှူးလုပ်တဲ့သူကတော့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ပါ။ နောင်မှာ သုံးရောင်ခြယ်လူငယ်တွေဖြစ်လာမယ့် ကျောင်းသားတွေဟာ ပင်နီတိုက်ပုံ၊ လည်ကတုံးအဖြူ၊ ကချင်ပုဆိုး တူညီဝတ်စုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ချင်းချိတ် ၀န်းရံ ကာကွယ်ပေးထားကြပါတယ်။

အဲဒီနေ့က လူထုအင်အားဟာ ၂ သိန်းကျော်ပါတယ်။ မိုးကလည်း ဖွဲလိုက် သဲလိုက် ရွာနေခဲ့ပါတယ်။ မိုးထဲလေထဲမှာ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရှိရာ စင်မြင့်ကို မမှိတ်မသုန် ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို စူးစိုက် နားထောင်နေခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လို့ “ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

၂ သိန်းကုန်သော၊ စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်စကားတခွန်းဆုံးတိုင်း လက်ခုပ်တခါတီး အားပေးနေတော့တာပါပဲ။

ခွပ်ဒေါင်းအလံတွေကလည်း မိုးလေထဲမှာ တလူလူ လွှင့်နေတုန်းပါ။ လူတိုင်းရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုတွေ တလက်လက်နဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောလို့ ပြီးတဲ့အချိန်မှာ အခမ်းအနားမှူး ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက ပရိသတ်ကြီးကို အခုလို သုံးကြိမ် သုံးခါ မေး။ “ပြည်သူလူထုကြီးခင်ဗျား၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါသလား။”

လူထုကြီးကလည်း သုံးကြိမ်သုံးခါ “ထောက်ခံပါတယ်၊ ထောက်ခံပါတယ်” ဆိုပြီး ကြွေးကြော်သံတွေ ညံခဲ့တာပါ။

တကယ်တော့ အဲဒီနေ့ဟာ ကျနော်တို့အတွက် လူထုခေါင်းဆောင်တဦး၊ ပြည်သူ့သူရဲကောင်းတဦးကို မွေးဖွားပေးလိုက်တဲ့ နေ့ပဲ မဟုတ်ပါလား။

အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and first in Burma’ ဆိုတဲ့ စာအုပ်ထဲမှာ အခုလို ရေးခဲ့ဖူးတယ်။

“သမိုင်းအစဉ်အလာအရ ကမ္ဘာ့ထိပ်သီး သူရဲကောင်းတို့သည် အချိန်အခါ အခြေအနေ တိကျမှန်ကန်တော့မှ ပေါ်ထွက်လာစမြဲ ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကို ရယူဆောင်ကြဉ်းပေးမည့် အဓိကပုဂ္ဂိုလ်အဖြစ် သမိုင်း၏တောင်းဆိုချက်အရ ပေါ်ထွက်လာသူကား ‘အောင်ဆန်း’ ပင် ဖြစ်သတည်း” တဲ့။

ယခု ကျနော်တို့ခေတ်၊ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ဖို့ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ထွက်လာသူဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ပဲ မဟုတ်ပါလား။

(မှတ်ချက်-၂၀၀၈ ဇူလိုင် ၂ ရက်နေ့တွင် RFAသတင်းဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်သည်။)

Comments