ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁)
အောင်ဝေး

သြဂုတ် ၂၊ ၂၀၀၈

“အိုဘယ့်ဘယ် အိုဘယ့် ဧရာဝတီ
သင်သည် စီးဆင်း၊ တို့ရင်တွင်းမှာ
မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်
စစ်မောင်းဟီးမည်၊ တပ်ကြီးချီလော့
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော … ခွဲတုံလော။”

ဧရာဝတီကတော့ စီးမြဲပါ။ ကဗျာဆရာထူးအိမ်သင်က “ရာဇ၀င်များရဲ့သတို့သမီး” ရယ်လို့ တင်စားခဲ့တဲ့ မြစ်ကြီးပါ။ ပန်းချီဆရာ ခင်ဝမ်းရဲ့ “ဧရာဝတီ”သီချင်းသံကို ကြားယောင်နေဆဲပါ။ ဆရာဗန်းမော်တင်အောင်ရဲ့ “မြစ်ဧရာပေါ်ဝယ်”၀တ္ထုထဲကိုလည်း သတိရနေကြဦးမယ်ထင်ပါရဲ့။

အမေရိကန်တွေအတွက် မစ္စစ္စပီမြစ်ကြီး၊ ရုရှားတွေအတွက် ဗော်လဂါမြစ်ကြီး၊ အာရပ်တွေအတွက် နိုင်းမြစ်ကြီး၊ အင်ဒိုချိုင်းနားဒေသမှာ မဲခေါင်မြစ်ကြီး၊ မဇ္ဈိမတိုင်းသားတွေအတွက် ဂင်္ဂါနဲ့ ယမုန်နာမြစ်ကြီးတွေ။ ကမ္ဘာမြေပေါ်က မြစ်ကြီးအထွေထွေထဲမှာ ဧရာဝတီဟာလည်း ကြီးကျယ် မြင့်မြတ်တဲ့ မဟာမြစ်ကြီးတစင်းပေါ့။ ဒီမြစ်ကြီးပေါ်မှာ၊ ဧရာဝတီပေါ်မှာ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက်တွေဟာ မြန်မာနိုင်ငံအဆင့်ဆင့်ကို စည်းရုံး တည်ထောင်ခဲ့ကြတာပဲ မဟုတ်လား။ ဒီနေရာမှာ ပါမောက္ခ ဂျီအိတ်ခ်ျလုစ်ရဲ့ အဆိုအမိန့်ကို ကိုးကားပါရစေ။

ပါမောက္ခလုစ် ဆိုတာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို အင်မတန် ချစ်တဲ့ အင်္ဂလိပ် သမိုင်းပညာရှင်ကြီးတဦးပါ။ လုစ်က

- ၁၁ ရာစုမှာ အနော်ရထာ စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမ မြန်မာနိုင်ငံ
- ၁၅ ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယ မြန်မာနိုင်ငံ
- ၁၈ ရာစုမှာ အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယ မြန်မာနိုင်ငံရယ်လို့ သတ်မှတ်ပြီး
- ၂၀ ရာစုမှာ ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကိုတော့ စတုတ္ထမြန်မာနိုင်ငံလို့ ဖော်ပြခဲ့ဖူးပါတယ်။

အကယ်၍သာ ပါမောက္ခကြီးလုစ် အခုအချိန်မှာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကိုတော့ “ပဉ္စမမြန်မာနိုင်ငံ”လို့ သတ်မှတ်ဂုဏ်ယူနေဦးမှာ အမှန်ပါပဲ။ ဒီကနေ့ဟာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ အလံတော်အောက်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ကျောင်းသားတွေ သံဃာတော်တွေ ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပဉ္စမမြန်မာနိုင်ငံကို စည်းရုံးနေကြတာ တည်ထောင်နေကြတာပဲ မဟုတ်လား။ ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းရဲ့ အစဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တယ် ဆိုရင် ဘယ်သူမှ ငြင်းဆိုကြမှာ မဟုတ်ပါဘူး။

၁၉၈၈ သမိုင်းသစ်အရေးတော်ပုံကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း စည်းရုံး တည်ထောင်ခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံကို ဆက်ပြီး အသက်သွေးချွေးတွေနဲ့ နိုင်ငံသစ်ထူထောင်ဖို့ ကြိုးပမ်းလိုက်တဲ့ သမိုင်းဝင် ခေတ်သစ်လူထုလှုပ်ရှားမှုကြီးပဲပေါ့။

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ခြေဆင်းဟာ ဟိုး ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လို့ ဆိုတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ကတည်းက စခဲ့တာပါပဲ။

- ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အရေးအခင်း၊
- ၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း၊
- ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်း၊
- ၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်၊
- ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း စတဲ့စတဲ့ ကျောင်းသား၊ အလုပ်သမားထုရဲ့ တိုက်ပွဲစဉ် အဆက်ဆက်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ခြေဆင်း၊ အင်ထရို (intro)လို့ပဲ ဆိုရမှာပါ။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေ၊ ပြည်သူ့တော်လှန်ရေးတွေဟာ သံကြိုးကွင်းဆက်လို တခုနဲ့တခု ဆက်စပ်နေပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို အလယ်သံကွင်းကြိုးလို့ ယူဆရင် ရှေ့က သံကြိုးကွင်းဟာ ၁၉၆၂၊ ၇၄၊ ၇၅၊ ၇၆ တိုက်ပွဲတွေပဲ ဖြစ်တယ်။ နောက်က သံကြိုးကွင်းကတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးပဲ မဟုတ်ပါလား။

ကျနော်တို့ပြည်သူတွေ၊ သံဃာတွေ၊ ကျောင်းသားတွေရဲ့ ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းဟာ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို “အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် အသင့်ပြင်ထား” ဆိုတဲ့ အနေအထားကို ရောက်နေပြီလည်း မဟုတ်ပါလား။

“အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း
ရောက်ချေပြီ။”

(မှတ်ချက် - RFA မြန်မာဌာန၏ ဇွန်လ ၁၈ ရက်နေ့ ထုတ်လွှင့်ချက်မှ ကူးယူဖော်ပြပါသည်။)

Comments