မုန်တိုင်းအလနြ် - ရန်ကုန် က ဒိုင်ယာရီ - ၃

(Rangoon Univeristy - RC Building after the storm)
မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ - ၃
(မေ ၈၊ ၂၀၀၈)
သူ
မေ ၁၂၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။

အခုမနက် ပုပ်အဲ့အဲ့ဖြစ်နေတဲ့ ကြက်ဥကျော် တလုံးနဲ့ ထမင်းကြော် ၁ ပန်းကန်ကို ငွေ ၁၀၀၀ နဲ့ စားပြီး မြို့ထဲတ၀ိုက်ကို ငါ လျှောက်ကြည့်တယ်။ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးအဖွဲ့တွေကို တွေ့လို တွေ့ငြားပေါ့။ ပုဇွန်တောင် တနေရာမှာပဲ စည်ပင်သာယာကား ၁ စီးက သစ်ကိုင်းတွေနဲ့ သစ်ရွက်ခြောက်တွေကို ကောက်နေတာ တွေ့ရတယ်။ လမ်းပေါ်မှာ ပိနေတဲ့၊ အဆောက်အဦတွေပေါ်ပိနေတဲ့ သစ်ပင်ကြီးတွေဟာ ဒီအတိုင်းပဲ။ ဖယ်ချင်မှတောင် ဖယ်ဖြစ်ပါတော့မလားလို့ ငါတွေးမိတယ်။ ကဗျာတပုဒ်ကြောင့် အကျဉ်းစံနေရတဲ့ ကိုစောဝေသာ တွေ့ရင် “ဒါ အင်စတော်လေးရှင်း အတ် ပဲ လို့” ပြောမလား မသိ။

ပြီးခဲ့တဲ့ စာ ၂ စောင်ထဲမှာ ငါပြောဖို့ မေ့သွားတဲ့ သတင်းတခု ငါပြောပြမယ်။ ၂ ရက်နေ့ ည မုန်တိုင်းဝင်အပြီးနောက်ပိုင်း ၅ ရက်နေ့ မနက်မှာ ရန်ကုန်ဆိပ်ကမ်း မီးသတ်တပ်ဖွဲ့က အရေးပေါ်အတွက် အရံသင့်ထားရှိတဲ့ ရေဂါလံတွေကို စစ်တပ်က လာထုတ်သွားတယ်။ ပြီးတော့ မီးသတ်တပ်ဖွဲ့က အဲဒီရေတွေကို ၀န်ကြီးတွေနဲ့ ဗိုလ်မှူးကြီးတွေရဲ့ အိမ်အချို့ကို လိုက်ဖြည့်ပေးခဲ့ရတယ်။ နေပြည်တော်မှာ နန်းစံနေတဲ့ ဗိုလ်ချုပ်တွေက ရန်ကုန်က မိသားစုတွေ ရေ ၀၀ လင်လင် မသုံးစွဲရမှာကို စိုးပါသတဲ့။

အပေါ်ဆုံးက မလိုင်ကို အဦးဆုံး ခေါင်းပုံဖြတ်စားချင်တဲ့ စစ်အရာရှိတွေဟာ ဒုက္ခသည်တွေအပေါ်မှာတောင် ချမ်းသာမပေးဘူး။ လျှပ်စစ်မီးမရှိလို့ တမြို့လုံး ဖယောင်းတိုင်နဲ့ နေရချိန်မှာ မီးများ လောင်ခဲ့ရင် …

မေလ ၆ ရက်နေ့က ကြေးမုံသတင်းစာမှာ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားတာလေး နင့်ကို ပြောပြပါရစေဦး။ ခေါင်းစဉ်က “သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်” တဲ့။

တစ် အချက်က ရာသီဥတုဒဏ်ခံနိုင်တဲ့ အမိုးအကာအောက်မှာ နေကြရန် … တဲ့။ မုန်တိုင်းတိုက်လို့ အိမ်ပြို ရေမျော ဖြစ်နေချိန်မှာ ပြောစရာလား …။ ဘယ်သူက လုံလုံခြုံခြုံ အိမ်ရှိလျက်နဲ့ ကွင်းလည်ခေါင်မှာ သွားထိုင်နေပါ့မလဲ။

နံပါတ် ၂ က နွေးထွေးသော အ၀တ်အစားများကို ၀တ်ဆင်ပါ တဲ့။ နောက် ၁ ချက်က ရေကို ကျိုသောက်ပါ တဲ့။ ဒါမှမဟုတ် ကလိုရင်း ခတ်သောက်ပါ တဲ့။ ဒုက္ခသည်တွေက ဘယ်က ရေကို ဘာနဲ့ ကျိုပြီး ဘယ်ကရတဲ့ ကလိုရင်းနဲ့ ခတ်သောက်ရမှာလဲ။

အဆိုးဆုံးကတော့ သန့်ရှင်းလတ်ဆတ်သော ပူနွေးတဲ့ အစားအစာများကိုသာ စားသုံးကြပါတဲ့။ ယင်လုံအိမ်သာကို သုံးစွဲကြပါ တဲ့။ ဧရာဝတီတိုင်းရဲ့ ချောင်းရိုးတွေတလျှောက်မှာ တိရစ္ဆာန်အသေကောင် ပုပ်တွေကို စားပြီး ရေထဲမှာ အသက်ရှင်နေရတဲ့ ပြည်သူတွေကို ဒီစကားတွေသာ သွားပြောရင် …

တကယ်တော့ ဒါ စော်ကားနေတာ ဟေမန်။ ဒါ စော်ကားနေတာပဲ။

နင် စိတ်ညစ်သွားပြန်ပြီလား ဟေမန်။ ငါ ဆက်ပြောပါရစေဦး။

စစ်အစိုးရက သတင်းစာတွေထဲမှာ မေလ ၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်တယ်။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲက အချို့ဒေသတွေကို ပုံမှန်အနေအထား ပြန်ရောက်တဲ့အတွက်ကြောင့် အန္တရာယ် ကျရောက်တဲ့ ဒေသများအဖြစ်က ရုတ်သိမ်းလိုက်တယ် တဲ့။ အဲဒီအထဲမှာ ပဲခူးတိုင်း တတိုင်းလုံး၊ မွန်နဲ့ ကရင် ၂ ပြည်နယ်လုံး၊ ရန်ကုန်တိုင်းထဲက မြို့နယ် ၅ မြို့နယ်နဲ့ ဧရာဝတီတိုင်းအတွင်းက ၁၉ မြို့နယ် ပါဝင်တယ်။ ဒီအတွက် အဲဒီဒေသမှာရှိတဲ့ ဒုက္ခသည်တွေ အားလုံးဟာ မေလ ၁၀ ရက်နေ့မှာ မဲပေးကြရတော့မယ်။

အဲဒီမြို့တွေ၊ ဒေသတွေ၊ သူတို့ ပြောသလို ပုံမှန်ပြန်ရောက်ပြီ ထင်လား … ဟေမန်။ အခုအချိန်တို ရက်ပိုင်းအတွင်းမှာ ပုံမှန်ပြန်ရောက်ဖို့ မပြောနဲ့၊ နောင်ဘယ်တော့မှ ပုံမှန်ဖြစ်မယ် ဆိုတာကို ဘုရားတောင် မပြောနိုင်ဘူး။ ပြဿနာက လူပေါင်းမြောက်များစွာရဲ့ အသက်ကို ကယ်ဖို့ထက် စစ်တပ်ရဲ့ အာဏာကို ဥပဒေနဲ့ အတည်ပြုမယ့် ဒီအခြေခံဥပဒေကို အတည်ပြုရေးသာ အစိုးရက ဖိတွန်းနေတာပဲ။

ဒါကြောင့် ၁၀ ရက်နေ့မတိုင်မီမှာ ပြည်ပအကူအညီ အ၀င်မခံဘဲ ဒုက္ခသည်တွေကို စတေးပစ်ခဲ့တယ်။ အပေါ်က ဗိုလ်ချုပ်တွေရဲ့ အကြိုက်ကို သိတဲ့ မယကနဲ့ ရယကတွေကလည်း “ကျနော်တို့ ဧရိယာအတွင်း အပျက်အစီး မရှိပါခင်ဗျား …” ဆိုတဲ့ အစီရင်ခံစာကို မျက်နှာလို မျက်နှာရ အလုအယက် တင်သွင်းကြတယ်။

၆ ရက်နေ့က ငါ့မိတ်ဆွေ ဓာတ်ပုံသတင်းထောက် တယောက် သူ့ရပ်ကွက်က ရယကရုံးကို သွားတယ်။ အဲဒီမှ ရယကစာရေးက မြို့နယ်ကိုတင်ပြဖို့ အစီရင်ခံစာ ရိုက်နေတာ။ ငါ့မိတ်ဆွေက လှမ်းဖတ်ကြည့်တော့ - “ကျနော်တို့ ရပ်ကွက်အတွင်း အပျက်အစီး အထိအခိုက် မရှိပါခင်ဗျား …” တဲ့ ဟေမန်။

ရန်ကုန်မှာ အပျက်အစီး အထိအခိုက် မရှိတဲ့ ရပ်ကွက် မရှိဘူး။ ရယက၊ မယကတွေ ကနေ ထိပ်ဆုံး ဗိုလ်ချုပ်တွေအထိ အဲဒီလိုနည်းနဲ့ အဆင့်ဆင့် လိမ်နေကြတာပဲ။ ကြောက်စရာ အကောင်းဆုံး ပြဿနာကတော့ ခြစားမှု (Corruption)ပဲ ဟေမန်။ မုန်တိုင်းက အခုပဲ လတ်လတ်ဆတ်ဆတ် တိုက်ခဲ့ပြီး အလောင်းတွေ မြစ်ထဲ မျောနေတုန်း ရှိသေးတယ်၊ အာဏာပိုင် အဆင့်ဆင့်က ဒုက္ခသည် ကူညီရေးရန်ပုံငွေတွေနဲ့ ပစ္စည်းတွေကို စ ခိုးနေကြပြီ။ ငါ ရပ်ကွက်ထဲမှာ မြင်နေရတယ်။

၆ ရက်နေ့ ညနေက တိုင်းရုံးက ဒို့ရပ်ကွက်ကို ဒုက္ခသည်တွေ ထောက်ပံ့ဖို့ ငွေ ၁၀ သိန်း နဲ့ ဆန် ၁၀ အိတ် ပေးတယ်။ အခု ဆန် ၁၀ အိတ်တော့ မြင်ရသေးတယ်။ ငွေကတော့ ပြီးသွားပြီ။ တခါ ပျက်စီးသွားတဲ့ အိမ်တွေအတွက် လျှော့ဈေးနဲ့ သွပ်ပြားတွေကို ထုတ်ပေးရေးမှာလည်း စာရင်းတွေ လိမ်ကြတယ်။ သွပ်ပြားက ဘယ်နေမှန်း မသိဘူး။ အာဏာပိုင်တွေက သူတို့အတွက် စာရင်းတွေ လိမ်တင်နေကြပြီ။ သူတို့ လက်ထဲမှာ ရှိတာကိုး။

ဟေမန် ရေ …

ဈေးသူ ဈေးသားတွေကတော့ အားကိုးကြရတယ်။ တချို့ဈေးတွေက သူတို့နိုင်သလောက် ခေါက်ဆွဲထုပ်၊ ငါးခြောက်၊ အ၀တ်ဟောင်းတွေ စုပြီး အသေအပျောက်များလှပြီး ဒုက္ခအရောက်ဆုံးဖြစ်တဲ့ မြို့နယ်တွေကို သွားပို့ဖို့ ပြင်ဆင်နေကြတယ်။ စိတ်ညစ်စရာတွေချည်းပဲ ပြောနေလို့ နင်အာရုံနောက်သွားမှာစိုးလို့ မျှော်လင့်ချက်ကလေးတွေကို ပြောပြတာပါ။

ငါ ဒီစာကို ရေးနေတုန်း မိတ်ဆွေ တယောက်က အင်တာနက်ပြန်ရပြီဆိုလို့ ငါက ကဖေးဆိုင် တဆိုင်ကို ပြေးသွားတယ်။ G Talk ကို တွေ့ရတော့ ချစ်သူမျက်နှာကို မြင်ရသလို ငါ လက်တောင် တုန်တယ်။ G Talk လည်း ဖွင့်လိုက်ရော နင့်ချစ်ချစ်ကို တွေ့လိုက်ရတာပဲ။ သူနဲ့ Chat လုပ်လိုက်ရတာ ငါ့ရင်ထဲမှာ နည်းနည်း ပေါ့သွားတယ်။ မြန်မာပြည်ပက မိတ်ဆွေတွေဟာ မြန်မာပြည်ကြီးကို အင်တာနက် ပြတင်းပေါက်ကနေ ပြုံတိုးပြီး စုဝေးလို့ စောင့်နေကြတယ်။

စိတ်ချမ်းသာစရာလေး တခုပြောပြီးရင် စိတ်ညစ်စရာလေး တခု ထပ်ပြောပါရစေဦး။ တောင်ဒဂုံမှာ ၀မ်းရောဂါ စဖြစ်နေသတဲ့။ ငါ သေချာအောင် Confirm လုပ်ရဦးမယ်။ ရေပြဿနာကို မဖြေရှင်းနိုင်ရင် ဒီနောက်ဆက်တွဲတွေ လာမှာပဲ။

ဒီနေ့လည်း ရန်ကုန်မှာ မိုးတွေ ရွာတယ်။ အမိုးလန်နေတဲ့ အိမ်တွေနဲ့ ဒုက္ခသည်တွေ ဒုက္ခပိုရောက်ပြီပေါ့။

ဟေမန် ရေ …

မနက်ဖြန်တော့ ငါ့စာကို သတင်းကောင်းတခုနဲ့ စ နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်လို့ ငါ ကတိပေးပါတယ်။

နင် စောင့်ဖတ်ပါဦးနော်။

နင့်သူငယ်ချင်း

သူ

ရန်ကုန်

မေ ၈၊ ၂၀၀၈

Comments