Than Shwe falls ill

Posted by zarny win | 8:45 AM | 0 comments »


သီရိလင်္ကာရောက် ဗိုလ်ချုပ်မှူးကြီး ဗိုက်နာသည့် ဝေဒနာ ခံစားရ
colombopage.com
နိုဝင်ဘာ ၁၂၊ ၂၀၀၉


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (photo:AFP)

အလည်အပတ် ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆေးကုသမှု ပေးရန် အထူးကုသမှု အဖွဲ့ကို ကန္ဒီမြို့တော်ရှိ သမ္မတအိမ်တော်သို့ ပို့လိုက်ရသည်။

ယနေ့ နေ့လယ်ပိုင်းက သီရိလင်္ကာသို့ ရောက်လာသော ဗိုလ်ချုပ်မှူးကြီးသည် သာမန် ဗိုက်နာသည့်ဝေဒနာ ရရှိနေသည်ဟု သိရသည်။

ကန္ဒီ အထွေထွေ ဆေးရုံကြီးမှ ဆရာဝန် ၂ ဦး၊ သူနာပြု ၂ ဦးကို သမ္မတအိမ်တော်တွင် တည်းခိုနေသော ဗိုလ်ချုပ်မှူးကြီးကို ကုသမှု ပေးရန် စေလွှတ်လိုက်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး နှင့် ကိုယ်စားလှယ် အဖွဲ့သည် မနက်ဖြန်တွင် ပြုလုပ်မည့် ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ရန် စီစဉ်ထားကြသည်။


ဗိုလ်ချုပ်မှူးကြီး မြေးကြောင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး စစ်ရာထူးမှ နှုတ်ထွက်ဟုဆို
မိုးမခအထောက်တော် အမှတ် ၀၀၂၊ ၂
နိုဝင်ဘာ ၁၂၊ ၂၀၀၉ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး

စစ်ခေါင်းဆောင် တဦး မကြာသေးမီက စစ်ဘက် ရာထူးမှ နှုတ်ထွက်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဖြစ်မည်ဟူသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေကြောင်း ဧရာဝတီမဂ္ဂဇင်းတွင် ယနေ့ ရေးသားထားသည်။

နှုတ်ထွက်သွားသူမှာ အစိုးရအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ဖြစ်ပြီး စစ်ထောက်ချုပ် ရာထူးမှ အနားယူလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပဋိပက္ခကြောင့် စစ်ဘက်ရာထူးမှ တိတ်တဆိတ် အနားယူလိုက်သော်လည်း အတွင်းရေးမှူး (၁) ဟူသည့် အစိုးရ အဖွဲ့ဝင် ရာထူးကို ဆက်လက် ယူထားသည်ဟု ဆိုသည်။

ပဋိပက္ခမှာ စက်တင်ဘာလဆန်းပိုင်းက အစပြုခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလက ဗိုလ်ချုပ် တင်အောင်မြင့်ဦး၏သား ပိုင်ဆိုင်သည့် ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်သည် မှန်များ ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုသို့ ဖျက်ဆီးမိန့် ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော် ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင် မြေတွင် တည်ရှိခဲ့ပြီး Seven Corners ကော်ဖီဆိုင် ဟု အမည်ရခဲ့သည်။

ဆိုင်ကို ဖျက်ဆီးစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နှုတ်ထွက်သဖြင့် လစ်လပ်သွားသော စစ်ထောက်ချုပ် နေရာသို့ ရောက်လာသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်သည်ဟု ဆိုသည်။

တသက်တာ ဆူး
လူဗိုလ်
နိုဝင်ဘာ ၁၂၊ ၂၀၀၉
(၁)
      ၄ - တန်း အောင်လက်မှတ် လာထုတ်လျှင်
      ကွမ်းသီးအလုံး (၄၀) ယူခဲ့ကြပါ။
      ပုံ
      ကျောင်းအုပ်ကြီး 
      ကျောင်းရှေ့ကြေငြာသင်ပုန်းမှ ထိုစာသည် မိမိနှလုံးအိမ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့၏။ ထိုစာတွင် အဓိပ္ပါယ်များစွာ ပါဝင်နေသည်ဟုလည်း မြင်၏။ ဆိုလိုသည်မှာ မြို့ကျောင်းများတွင် ဤကဲ့သို့အရေးအသားမျိုးကို ထင်ထင်ပေါ်ပေါ် ရေးကြလိမ့်မည်မဟုတ်။ ရေးရဲကြလိမ့်မည်လည်းမဟုတ်။ ယခုရေးသားထားပုံနှင့် အများမြင်သာအောင် ဖေါ်ပြထားပုံမှာ စိတ်ဝင်စားစရာ။
      မိမိတို့တွင် အလေ့အထတခုရှိ၏။ စစ်ကြောင်းရွာထဲဝင်ပြီဆိုသည်နှင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်း သားများမှာ မိမိတို့၏ရင်းနှီးရာ မိတ်ဆွေအရင်းအချာများ။ လည်ပတ်ရာ၊ ရင်ချင်းဆက်ရာများ။ မိမိတို့က ကျောင်းသား တပ်မတော်ဖြစ်နေသည်ကိုး။
      ယခုလည်း ကေကောရွာသို့ရောက်သည်နှင့် RC ဘုရားကျောင်းအနီးက စာသင်ကျောင်းကလေးမှာ မိမိတို့ကို ကြိုဆိုနေပြန်ပါပြီ။ ကျောင်းပိတ်ထားချိန်ဖြစ်သဖြင့် ကျောင်းရှေ့ဝရန်တာတွင် မိမိတို့ဝင်ထိုင်လိုက်ကြသည်။ ရွာဘက် သို့လှမ်းကြည့်လိုက်စဉ် ကျောင်းရှေ့ဘောလုံးကွင်းနှင့် ရွာလေး၏ အနိမ့်အမြင့်အနေအထားကြောင့် အိမ်ခေါင်မိုးများ အဆင့်ဆင့် ဆက်စပ်တည်ရှိနေပုံမြင်ကွင်းမှာ ပန်းချီကားတချပ်ကို မြင်လိုက်ရသည့်အလား။ 
(၂)
      မိမိတို့စစ်ကြောင်းမှာ ထိုင်းမြန်မာနယ်စပ်မှ ကရင်ပြည်နယ်၊ တပ်မဟာ(၂) နယ်မြေသို့သွားမည့်ခရီးစဉ်။ သို့ သော် ဖြတ်သန်းရာလမ်းကြောင်းမှာ ကရင်နီနယ်မြေဖြစ်နေ၍ KNPP စစ်ကြောင်းနှင့်ပူးပေါင်းလာရသည်။ ခရီးစဉ်တလျှောက်ရှိ ကရင်နီပြည်ဒေသခံ တိုင်းရင်းသားအသီးသီး၏ ဘ၀များကိုတွေ့မြင်ရသည်မှာ မိမိတို့အတွက် အသစ်အ ဆန်းချည်းသာ။
      ရွာများကို တောင်ကုန်းအပေါ်တွင်သာ တည်ထားလေ့ရှိသဖြင့် ရေရှိရာအရပ်နှင့်မနီးခြင်း။ ရွာရှိအိမ်များမှာ တအိမ်လုံးတံခါးပေါက်တပေါက်သာရှိ၍ အလုံပိတ်ဖြစ်သည့် အလင်းအားနည်းနည်းတည်ဆောက်မှုဖြစ်နေခြင်း။ ရွာများတွင် အိမ်သာဟု သတ်သတ်မှတ်မှတ်မထားကြပဲ ရွာအပြင်တွင်သာသွားကြ၍ ရွာမရောက်မီအဝေးကပင် အနံ့ အသက်များက ကြိုဆိုနေခြင်း။ အိုးခွက်ပန်းကန်များမှာ ဆေးကြောသည့်အလေ့အထ အားနည်းခြင်းကြောင့် ညစ်ပေ နေခြင်းနှင့် အချို့ရွာများတွင် ပန်းကန်၊ ဒေါင်းလန်းပုံစံ ခြေထောက်ပါသော ဗန်းကြီးများတွင် ထည့်စားကြ၍၊ လူစားပြီး ခွေးများကို ထိုပန်းကန်၊ ဗန်းများဖြင့်ပင် ပေးစားလေ့ရှိခြင်းများမှာ မိမိတို့အတွက် သတိမူမိစရာများဖြစ်နေသည်။ ခြုံပြောရလျှင် လူနေမှုအဆင့်အတန်းမြင့်မားမှုကို မျက်ကွယ်ပြုထားရလောက်အောင် ဘ၀ကြမ်းကြမ်းများကို ဖြတ် သန်းနေကြရသည့် ပကတိအခြေအနေများပင်။
      ခရီးစဉ်တလျှောက် အဖြစ်အပျက်များတွင် ရင်ထဲစွဲလောက်အောင် အမှတ်တရလေးတွေလည်းရှိ၏။ တခုက နယ်စပ်နှင့် သံလွင်မြစ်ကြားမှအဖြစ်အပျက်။ ရွာတရွာ တွင် စခန်းချထားစဉ်။ မိမိနှင့်တအိမ်ထဲအတူတည်းသော ကိုမင်းဝေ တယောက် မနက်စောစော အိမ်ပေါ်သို့ အူယားဖားယားပြေးတက်လာပြီး … ။
      “ကိုလူဗိုလ်ရေ ပွဲပဲဗျို့။ ကျနော်ဗျာ ၀မ်းတအားသွားချင်လို့ အိမ်သာလိုက်ရှာတာ၊ ဘယ်နားမှာမှမတွေ့လို့ ရွာ ပြင်ကိုထွက်လိုက်ရတယ်ဗျာ။ မလင်းတလင်းမို့ ကြောက်စိတ်ဝင်နေရတဲ့အထဲ၊ နောက်ဖက်က အသံကြားလို့ လှည့် ကြည့်လိုက်တော့ … ဘာပြောကောင်းမလဲ၊ ၀က်တအုပ်လေ ကျနော့်နောက်မှာဝိုင်းနေကြတယ်။ ၀က်တွေကလည်း ရဲလိုက်ကြတာဗျာ။ လူကိုဝင်ဆွဲမတတ် အနားထိကိုကပ်လာတာ။ ဆက်မနေရဲတော့လို့ကို ပြေးခဲ့ရတာဗျို့။”
      ဟုတ်ပါသည်။ ဒီအဖြစ်မျိုးကို ခရီးစဉ်တလျှောက်လုံး တယောက်မဟုတ်တယောက် ကြုံခဲ့ကြရသည်။ လေ့လာရေးမျက်လုံးဖြင့် စူးစမ်းကြည့်မိမှ သိလိုက်ရသည်က ဤဒေသတွင် ၀က်များကို မွေးကြသော်လည်း အစာကျွေး ရိုးထုံးစံမရှိ။ ၀က်များမှာသင့်တော်ရာ စားသောက်ကြရင်းဖြင့် အသက်ရှင်နေကြရပုံပေါ်သည်။ ကိုမင်းဝေလိုအဖြစ်မျိုးမှာ ၀က်များအတွက်အစာလာကျွေးသည့် အနေအထားဖြစ်နေသဖြင့် အလုအယက်ဝိုင်းအုံလာကြခြင်းသာ။ ၀က်များ၏ ပုံသဏ္ဍာန်မှာလည်း မြို့ဝက်များနှင့်လည်းမတူ၊ တောဝက်များနှင့်လည်းမတူ၊ ခန¨ာကိုယ်များမှာ ခွေးများကဲ့သို့ ပိန်ပိန်ပါး ပါးလေး။
      နောက်ထပ်အဖြစ်တခုကတော့ ပထမအဖြစ်အပျက်၏အဆက်ဟုပင်ဆိုရမလိုလို။ မိမိတို့တွင် ဆေးဝါးများပိုပို လျှံလျှံပါလာ၏။ သို့အတွက် ရွာများကိုရောက်တိုင်း ကျန်းမာရေးပညာပေးစကားများပြောရင်း ရွာရှိလူနာများကို ဆေး ကုပေးလေ့ရှိသည်။ ဒီလိုနှင့်ရွာတရွာအရောက် ပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ်များကိုစကြပါသည်။ ကျန်းမာရေးပညာ ပေးစကားများပြောအပြီး၊ မြို့ရောက်ဖူး၍ ဗမာရည်လည်သောရွာသားတဦးမှ ထရပ်ကာ … ။
      “ကျနော်တို့ရွာတွေမှာ အိမ်သာမရှိတာမှန်ပါတယ်။ ဒါပေမယ့် အခုနပြောသလို ရောဂါရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လည်းဆိုရင် မြို့မှာအိမ်သာတွေ အိမ်တိုင်းရှိကြပေမယ့် ဆေးရုံမှာ လူနာတွေအပြည့်ပဲလေ။ ကျနော်တို့ရွာမှာရှိတဲ့လူနာက နဲနဲလေး”
      “နောက်တခုက မြို့မှာအိမ်သာတွေရှိပေမယ့် လူတင်မကဘူး၊ ၀က်နာ၊ ကြက်နာ၊ ခွေးနာတွေပါဖြစ်ကြတယ် ကျနော်တို့ဆီမှာ တခါမှ ဒီလိုမဖြစ်ဖူးဘူး”
      ကျနော်တို့အားလုံး ပြန်ရှင်းပြဖို့ပင် ဆွံ့အခဲ့ကြရသည်။ အသေးစိတ်ပြန်ရှင်းပြဖို့လိုသော်လည်း အချိန်ကိုငဲ့ ကွက်၍ မရှင်းပြဖြစ်ခဲ့။ သို့သော် ထိုအဖြစ်အပျက်နှင့် ထိုလူ၏စကာများမှာကား၊ မိမိတို့နှင့်အတူ ပါလာနိုင်လောက် အောင်ကို အမှတ်တရ။ 
(၃)
      “ကျောင်းအုပ်ကြီးအိမ်ဘယ်နားမှာလဲဗျ”
      “ဒီလမ်းလေးအတိုင်းဆင်းသွား။ ရေခပ်ဆိပ်ဘေးနားက ခြေတံရှည်ရှည်နဲ့အိမ်က ဆရာကြီးအိမ်ပဲ”
      ရွာသားများ၏ အဆင့်ဆင့်လမ်းညွန်မှုများအရ ကျောင်းအုပ်ကြီးအိမ်သို့ မိမိတို့ရောက်ခဲ့ကြသည်။ အပြန် အလှန် မိတ်ဆက်ကြပြီး စကားလက်ဆုံကျမိရာမှ ဆရာကြီးနှင့်မိမိတို့ တသားတည်းဖြစ်သွား၏။ ဘာသာစကား တ ထပ်တည်းဖြစ်နေခြင်းကြောင့်ဟု ဆိုရမည်ထင်သည်။
      “နှစ်တိုင်းတော့ ဆရာ၊ ဆရာမတွေ (၂)ယောက်၊ (၂)ယောက် ရောက်လာကြတာပါပဲ။ ဒါပေမယ့် သိပ်မကြာ ပါဘူး။ အမေဘာဖြစ်လို့၊ အဖေဘာဖြစ်လို့နဲ့ အကြောင်းပြပြီး ပြန်ပြန်သွားကြတာ ဒီမှာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ဒီရွာမှာက အစားအသောက်၊ အနေအထိုင်က အစစဆင်းရဲတယ်မဟုတ်လား။ နောက်ဆုံးတော့ ကျနော်တယောက် တည်းပဲ ကျောင်းတကျောင်းလုံးကို တာဝန်ယူရပြန်တာပေါ့။”
      “ကျနော်လည်း နိုင်သလောက်တော့ တာဝန်ကျေအောင်ကြိုးစားပါတယ်ဗျာ။ ဒါပေမယ့် တယောက်တည်းနဲ့ တကျောင်းလုံးကို ဘယ်လိုမှ နိုင်နိုင်နင်းနင်းမသင်နိုင်ဘူးလေ။ အခုလို အသက်အရွယ်လည်းရ၊ သားသမီးတွေလည်း များလာတော့ ပိုဆိုးတာပေါ့”
      “ရွာကလူကြီးတွေနဲ့ father ဆီမှာ ကျနော် ခဏခဏတောင်းထွက်ခဲ့ဖူးပါတယ်။ အားလုံးက ၀ိုင်းပြီးတောင်း ပန်ကြတော့လည်း အားနာရပြန်ရော။ ကျနော်ကိုယ်တိုင်ကလည်း ၀ါသနာကရှိတော့ ပိုဆိုးတာပေါ့။ မထွက်ရက်ဘူး ဗျာ။ ငါမရှိရင် ကျောင်းရှိတော့ပါ့မလားလို့ တွေးပူနေရင်းက အခုဆို ကျောင်းဆရာသက်တမ်း အနှစ် (၂၀)ကျော်ပြီ”
      ဆရာကြီးတပည့်များတွင်တချို့မှာ ဘွဲ့ရများပင်ရှိနေကြပြီ၊ အထက်တန်းအဆင့်လောက် တပည့်များမှာ လည်း အများအပြား။ တချို့မှာ မြို့ပေါ်ရောက်ကုန်၍ တချို့မှာ ဒီရွာထဲတွင်ပင် ရှိနေကြသည်။ သို့သော် ကျောင်းဆရာ အလုပ်ကိုကား မည်သူမျှ စိတ်ဝင်စားမှုမရှိကြဟုလည်း သိရ၏။
      ဟုတ်တော့လည်း အဟုတ်သား။ ဒီလိုဒေသမျိုးတွင် ကျောင်းဆရာရှိဖို့လိုသည်ကို အားလုံးလိုလိုက လက်ခံ ထားကြသော်လည်း ကျောင်းဆရာအလုပ်မှာကား အပင်ပန်းဆုံးနှင့် ၀င်ငွေအနည်းဆုံးမို့ လုပ်မည့်သူမရှိ။ ပညာ အသင့် အတင့်တတ်လာလျှင်ပင် အရပ်ဆေးဆရာ၊ အရောင်းအ၀ယ်သမားနှင့် ဈေးဆိုင်ထောင်ခြင်းတို့လောက်သာ စိတ်ဝင် စားကြသည်။ ယင်းအလုပ်များက ၀င်ငွေကောင်းကြသည်ကိုး။ 
(၄)
      ဆရာကြီးဦးစောထူးမှာ ကရင်ပီသစွာ ရိုးသားပွင့်လင်း၏။ ကျောင်းအုပ်ကြီးဆိုသော်လည့်း ထည်ထည်ဝါ၀ါမရှိ။ မာနဟူ၍မတွေ့ရ။ မိသားစု (၇)ယောက် တာဝန်ကို အောက်ခြေအလုပ်များမှစ၍ တာဝန်ကျေသူလည်းဖြစ်သည်။ မိမိ တို့နှင့် စကားပြောနေရင်းနှင့်ပင် ၀က်စာကျွေးခြင်းကိစ္စ၊ ကလေးထိန်းခြင်းကိစ္စများကို လုပ်ကိုင်နေသည့်အပြင် ပလိုင်း တလုံးကိုပင် ရက်နေသေး၏။ အိမ်အောက်တွင် လုပ်စရာရှိသည်များကို ဆင်းလုပ်လိုက်၊ စကားပြန်ပြောလိုက်၊ ပလိုင်း ရက်လိုက်၊ နှီးဖြာလိုက်၊ ဆေးတံမီးညိလိုက်၊ ဖွာလိုက်။
      ဆရာကြီးကိုကြည့်ရသည်မှာ ကွမ်းကိုလည်း အလွန်ကြိုက်ပုံရသည်။ သူ့သွားများမှာ စစ်စီးရောင်တင်ထား သည့်အလား။ ပါးစပ်ထဲတွင်လည်း ကွမ်းကမပြတ်။ ထို့ကြောင့်ပင် အောင်လက်မှတ်အတွက် ကွမ်းသီးအလုံး(၄၀) ဟု ရေးထားခြင်းဖြစ်မည်။
      “ကျနော်လည်း ဒီရွာက ကလေးတွေအတွက် တာဝန်ကျေချင်လို့၊ ၀ါသနာပါလွန်းလို့သာ စာသင်နေရတာပါ။ မိသားစုများလာလေလေ ရပ်တည်ရခက်လေလေပါပဲ။ ကျောင်းဆရာအလုပ်က အချိန်ပြည့်ဆိုတော့ တောင်ယာလည်း မခုတ်နိုင်၊ ခြံလည်းမလုပ်နိုင်။ ရွာကကျောင်းသားမိဘတွေ ၀ိုင်းကြည့်ကြလို့သာ ခံသာတာပေါ့။ ကျနော့်ကျောင်းဆရာ လစာက ဒီမောဆိုးမှာ ကျောင်းသွားတက်နေတဲ့ ကျနော့်သားရဲ့ ကျောင်းစရိတ်ဖိုးတောင် မရှိပါဘူးဗျာ။ ကျနော့်သား ကြီးနဲ့ သမီးတယောက်ကလည်း လွိုင်ကော်မှာ ကျောင်းသွားတက်နေတယ်လေ။ သူတို့အတွက်တော့ ဘာသာရေး (ဘုန်းတော်ကြီး)က တာဝန်ယူထားလို့ တော်သေးတယ်”
      ဆရာကြီးက ကျနော်တို့သွားလည်တိုင်း ခေါင်ရည်နှင့်ဧည့်ခံလေ့ရှိ၏။ ၀ါးဗူးထဲတွင် ပြောင်းကောက်များကို ထည့်၍ မည်သို့ပြုလုပ်ထားသည်မသိ။ သောက်ခါနီးမှ ရေနွေးလောင်းထည့်၍ ပိုက်ဖြင့်စုပ်သောက်ရသော ခေါင်ရည် မျိုးဖြစ်သည်။ ခေါင်တဗူးထဲကို တယောက်တလှည့် အလှည့်ကျ စုပ်သောက်ကြလေ့ရှိသည်။ ရေခမ်းသွားလျှင် ရေနွေး ပြန်ထည့်၍ သောက်နိုင်သည်။ အရသာက တော်တော်နှင့်မပျယ်သွား။ သောက်၍ အတော်ကောင်းသည်။ ကျနော် ဆိုလျှင် ရေနွေးတခါထည့်ခေါင်ရည် တအိုးတည်းနှင့်ပင် ခေါင်းထဲ ရီဝေေ၀။
      “ကျနော်လည်း ကလေးတွေကို စာသင်ရတာ အားမရပါဘူးဗျာ။ ကလေးတွေလည်း ကောင်းကောင်းရသွား ကြမယ်မထင်ဘူး။ တယောက်ထဲ ဟိုအတန်းပြေးသင်လိုက်၊ ဒီအတန်းပြေးသင်လိုက်နဲ့ဆိုတော့။ ကျနော့်အတွေ့အကြုံ အရ တော်တဲ့ကျောင်းသားအကြီးတွေရဲ့ အကူအညီကို သင်ကြားရေးမှာထည့်သုံးထားလို့ သက်သာတာ။ အတန်း အလိုက် မော်နီတာထားပြီး ထိမ်းခိုင်းတာတို့၊ စာခေါ်ခိုင်းတာတို့လည်းပါတာပေါ့ဗျာ။ စာစစ်ပြီဆိုရင်လည်း ကျနော်ကိုယ် တိုင်မစစ်နိုင်တော့ဘူးလေ။ ကျောင်းသားအချင်းချင်းပဲ အပြန်အလှန် စစ်ခိုင်းလိုက်ရတယ်။ ဒါက ပိုပြီးထိရောက် တယ်ဗျ။ ကိုယ်တိုင်လည်းရေးရ၊ စစ်လည်းစစ်ရတော့ ကလေးတွေ အလေ့အကျင့်ပိုရသွားကြတာပေါ့။ ကျနော်က ပုံစံကျလာအောင်၊ ပြီးစလွယ်မဖြစ်အောင်၊ မလုပ်ပဲမနေရအောင်လောက်ပဲ ထိမ်းပေးရတယ်လေ” 
      ကျနော်တို့ကို ရင်ဖွင့်လိုက်ရခြင်းက ဆရာကြီးအတွက် အာဟာရဖြစ်နေပုံပေါ်သည်။ ဆရာကြီးကတော်၏ အပြောအရ ကျနော်တို့နဲ့စကားပြောဖြစ်မှ ခေါင်ရည်နှင့်ကွမ်းစားနှုန်း ခါတိုင်းထက် ကျသွားကြောင်းသိရသည်။
      “တခါတခါလည်း ကျနော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျနော့်ကျောင်းက ကလေးတွေ မြို့ကျောင်းတွေမှာ သွားတက်ရင် ပထမစစချင်း တနှစ်မှာ စာမေးပွဲကျကြတာများတယ်ဗျ။ ကျနော်တယောက်တည်း မနိုင်မနင်းသင်လိုက် ရတာအပြင်၊ ဒီမှာက စာသင်ရင် ဒေသခံစကားနဲ့ပဲရှင်းပြရတော့ မြို့ရောက်ရင် ဒုက္ခရောက်ကြတာပေါ့။ ဒီရွာမှာက ကေကောစကားနဲ့ပဲ ပြောကြတာ။ ကလေးတွေက ဗမာစကားမတတ်ကြဘူးလေ”
      ကျနော့်မှာ ဆရာကြီး၏ခံစားချက်တွေကို တနင့်တပိုးရလိုက်သည်။ ဆရာကြီးအပေါ်လည်း စာနာသွားမိ၏။ ကျောင်းသားလေးတွေအတွက်လည်း စိတ်မကောင်း။ သူတို့က သူတို့ရွာမှာ စာတော်နိုင်ကြသော်လည်း မြို့ကျောင်း ရောက်သည်နှင့် ဘာသာစကားအခက်အခဲကြောင့် စာမလိုက်နိုင်ဖြစ်ကြရသည့်အတွက်…။ မည်သို့သော နည်းများဖြင့် ဖြေရှင်းရမည်ကို မိမိ တွေးမဆုံးနိုင်အောင်ဖြစ်နေမိ၏။
      “ဆရာကြီးရယ် ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရရင်ကောင်းမလဲဗျာ။”
      ဒီကိစ္စက ကျနော့်အတွက် စိတ်ပင်ပန်းလွမ်းအားကြီး၍ မေးလိုက်မိသည်။
      “ကျနော်လည်း ဒီကိစ္စကို အမြဲတမ်းတွေးနေတာပါပဲ။ ဒီလိုဗျ။ ဟိုတနေ့ကပြောသလို မြို့ကဆရာ၊ ဆရာမ တွေရောက်လာကြတယ်။ ရောက်စတော့ ဒီရွာကစကားကိုမတတ်ကြဘူး။ အနေကြာတော့ တတ်လာကြပြီး၊ ဒီရွာက စကားနဲ့ပဲပြော၊ ဒီရွာကစကားနဲ့ပဲသင်လာကြတယ်လေ။ ဆရာတွေကပဲ ဒီရွာကစကားကို တတ်တတ်သွားကြပြီး ကလေးတွေက ဗမာလိုမတတ်ကြတော့ဘူး၊ အရင်လိုဒုံရင်းပဲ။”
      “အဲဒီတော့ ဒီရွာကစကားကို မသင်ပဲ၊ မပြောပဲ တောင့်ခံနိုင်မယ့်၊ ဗမာ့စကားနဲ့ပဲသင်ပေးမယ့် ကျောင်းဆရာ တွေရှိလာရင်၊ အခု ကျနော့်ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကို တစုံတရာဖြေရှင်းပေးနိုင်မယ်လို့ ယုံ တယ်ဗျာ။ အနည်းဆုံး၊ အထောက်အပံ့တော့ ရနိုင်မယ်လေ။ ခုက ကျနော်ကိုယ်တိုင် ကရင်ဖြစ်ပေမယ့် ကေကော စကားနဲ့ပဲ စာသင်ပေးနေရတာ။ ကျနော်လည်း ဗမာလို သိပ်မတတ်ဘူး။ ကလေးတွေက မြန်မာစာကိုတောင် ကြက်တူး ရွေးလို အလွတ်ကျက်နေရတာလေ။ အဓိပါယ် နားလည်ကြတာမဟုတ်ဘူး။”
      ဆရာကြီးလည်း စကားပြောရတာ အတော်မောသွားပုံပေါက်၏။ ခေါင်ဗူးထဲကို ရေနွေးအသစ်ဖြည့်ကာ အားရ ပါးရ စုပ်သောက်နေပါတော့သည်။ သူတခါတခါသောက်သည်မှာ ကျနော်တို့ ၃ ၊ ၄ ခါ စုပ်လောက်နှင့် ညီမျှနိုင်သည်။ ရုတ်တရက် စုပ်သောက်နေရာက ခေါင်းထောင်လာကာ …
      “ခင်ဗျားတို့ အဖွဲ့ထဲမှာ ကျောင်းဆရာဝါသနာပါတဲ့လူ မရှိဘူးလားဗျာ။ ကျနော်တို့ရွာအတွက်၊ ကျနော်တို့ ကလေးတွေအတွက် ကူညီပေးကြပါလား။ ခင်ဗျားတို့လို ပညာတတ်တွေသာ ကျောင်းဆရာအလုပ်ကို ၀ါသနာပါပြီး လုပ်ကြရင် သိပ်ကောင်းမှာပဲ။”
      အခြားသူများတော့မသိ။ ကျနော်တော့ ဆရာကြီး၏စကားကြောင့် ခေါင်ရည်အမူးလေးပင် ပြေသွား၏။ ဆရာ ကြီး၏ အမေးကို မည်သို့ဖြေရမည်ကိုပင် စဉ်းစားမရ … ။  
(၅)
      “ကျနော်ဒီရွာမှာ နေခဲ့တော့မယ် ကိုသန်းကျော်ဌေး။ ကျနော်ကျောင်းဆရာလုပ်တော့မယ်။”
      ကိုသန်းကျော်ဌေးမှာ ကျနော်တို့အဖွဲ့၏ခေါင်းဆောင်။ ကျန်းမာရေး၊ ပညာရေးနှင့် ပရဟိတစိတ်ရှိသူလည်းဖြစ် သည်။ ကျနော်စကားအပေါ် သူနားလည်နိုင်မည်ဟုယူဆ၍ လိုရင်းကိုဒဲ့ပြောလိုက်သည်။
      “ဒီအလုပ်က ကောင်းတဲ့အလုပ်ပဲ ကိုလူဗိုလ်ရယ်။ နောက်ပြီး ဆရာကြီးပြောပြချက်အရဆိုရင် ဒီရွာအတွက် တကယ့်လိုအပ်ချက်လည်း ဖြစ်နေတာပဲဗျာ။ ခင်ဗျားခံနိုင်ရည်ရှိဖို့နဲ့ သေချာဖို့ပဲလိုတာ။ ကျန်တဲ့ကိစ္စအားလုံး ကျနော် တာဝန်ယူတယ်။ လေးစားပါတယ် ရဲဘော်။”
      ကျနော်တို့စစ်ကြောင်းကြီး ခရီးဆက်ကြပါပြီ။ ကျနော်တယောက်တည်းသာ ရွာမှာကျန်ရစ်ခဲ့၏။ သို့ပေမယ့် အားငယ်စရာမရှိ။ ဖာသာလူးဝီစ်၊ ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားအားလုံးက ကျနော်ကို ၀ိုင်းရံပေးသွားနိုင်မယ်လို့ ယုံကြည်သည်။ အထူးသဖြင့် လိုအပ်ချက်ကွက်လပ်တခုကို မိမိရရဖြည့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မိ၍ လည်း ဖြစ်သည်။
      ကျောင်းပြန်မဖွင့်သေးပေမယ့် ကျောင်းလေးကိုနေ့တိုင်းလိုလို ကျနော်ရောက်၏။ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ရန်ရည်ရွယ်၍။ ဒီရွာကိုရောက်စ၊ ဒီကျောင်းရှေ့မှာ ကျနော်တို့ရဲဘော်တွေ ထိုင်ခဲ့ကြတာကို ပြန်မြင် ယောင် မိသေးသည်။
      အင်း … အဲဒီတုန်းက ဒီကြေငြာသင်ပုန်းကစာဟာ ကျနော့်ကျောင်းဆရာဘ၀ဖြစ်တည်မှုကို အစပြုစေလိမ့် မယ်လို့ မထင်ခဲ့မိတာ အမှန် … ။    ။ 
             ၁/၁၁/၂၀၀၉
           ၂၂ နှစ်ပြည့် ABSDF မွေးနေ့အမှတ်တရ

အမျိုးသားနေ့ အထိမ်းအမှတ်ပွဲများ ရန်ကုန်တွင် အတိုက်အခံနှင့် စာနယ်ဇင်းသမားတို့ ပြုလုပ်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၂၊ ၂၀၀၉


          ယမန်နေ့က ရန်ကုန်မြို့တွင် အင်န်အယ်လ်ဒီ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ နှင့် စာနယ်ဇင်းပညာရှင်များ အသီးသီး စုဝေးကြပြီး ၈၉ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြသည်။ အင်န်အယ်ဒီတွင် အမျိုးသားနေ့ဟောပြောပွဲ ပြုလုပ်ကြကြောင်း၊ စာနယ်ဇင်းပညာရှင်များ စုဝေးရာတွင် ဒဂုန်တာရာ၊ ကိုလေး (အင်းဝဂုဏ်ရည်) နှင့် ဦးဝင်းတင်တို့ စကားဝိုင်းမှာ အထူးစိတ်ဝင်စားစရာ ကောင်းကြောင်း မိုးမခမိတ်ဆွေတဦးက ပြောပြသည်။ စာနယ်ဇင်းပန်းချီဆရာကြီးများ ကန်တော့ပွဲကိုလည်း ထိုနေ့တရက်တည်းမှာပင် ကျင်းပခဲ့သည်ဟု ၎င်းက ပြောသည်။





ဝါရင့်နိုင်ငံရေးသမားကြီးများပွဲ




 အင်န်အယ်လ်ဒီ ဟောပြောပွဲ

Zay Hmine - The Show

Posted by Maung | 3:27 PM | | 0 comments »

ဇာတ်ပွဲ
ဇေမှိုင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ငယ်ကတည်းက
ဇာတ်ပွဲကြိုက်တယ်
နောက်ပိုင်းဇာတ်နဲ့ ငိုချင်းဆို
မျက်လုံးပို ကျယ်တယ်
နှစ်ပါး အထွက်မှာ
လူပျက်ကို အကြိုက်ဆုံး … ။
 ‘ရိုးပြတ်ကြားမှ တက်ခေါက်သံ  
ဗမာလာသော လမ်း’
အဲဒါ ဘဒွေး ရဲ့ လမ်း … လွမ်းတယ်၊၊
ပေါင်ချိန်မဟုတ် တဲ့
ပြည်သူ့တရားရှင်ကို လွမ်းတယ်
မြို့တော်ဘယ်မလဲ ?
ဓါးတောင် နဲ့ သံချောင်းကို လွမ်းတယ်၊၊
မှတ်မှတ်ရရ
လွမ်းရတာတွေကြားမှာ
အမေ့အိမ် လွမ်းလို့  လှမ်းကြည့်တော့
ပုဏ္ဏားရိုက်ခန်းက အကြီးကြီး။
ဒါပေမယ့် … ခုထိ
ဝန်နှစ်ပါး ပြည်တည်တုန်း ရှိသေး
လွမ်းရသမျှ ပြောပါတယ် … ။    

Thailand Trip -2009 - 1

Posted by Ko Kyaw | 9:16 AM | | 0 comments »

ဘန်ကောက်ခရီးသွား - ၂၀၀၉
ကျော်ကျော်
နိုဝင်ဘာ ၉ ၊ ၂၀၀၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ၃ ပတ်ခရီးထွက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းကြုံရာမြင်ရာ ဓာတ်ပုံတချို့ရယ် နောက်ပြီး ဘန်ကောက်ကို အလည်သွားရင် အသုံးဝင်မယ်လို့ထင်တဲ့ အချက်အလက်တချို့ကို ဝေမျှဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ။

မှတ်စု(၁)
ခရီးစဉ်အသွားအပြန်တခုလုံးကို China Airlines နဲ့ သွားခဲ့ပါတယ်။ ချိုင်းနားအဲယားရဲ့ လက်မှတ်က အခြားလိုင်းထက် သက်သာပါတယ်။ အေးဂျင့်တွေကနေတဆင့် ၀ယ်စရာမလိုပါဘူး၊ www.china-airlines.com ကနေ တိုက်ရိုက်လွယ်ကူစွာ မှာယူလို့ရပါတယ်။ အမေရိကန် ဆန်ဖရန်စစ်စကို ဘေးဧရိယာအတွင်း နေထိုင်သူများ လေဆိပ်အသွားအပြန် အခက်အခဲရှိသူတွေအတွက် east bay shuttle ဗင်ကားကုမ္ပဏီရဲ့ ၀န်ဆောင်မှုဟာ အလွန်ကောင်းပါတယ်။ အခြားသူများနဲ့မရောပဲ သီးသန့်ကြိုပို့တယ်၊ ကားတွေကသန့်တယ်၊ ဒရိုင်ဘာတွေလည်း ဆက်ဆံရေး အလွန်ကောင်းပါတယ်။ ကြိုပို့ကားကို မှာဖို့အတွက် eastbayshuttle.net မှာ ဘွတ်ကင်လုပ်နိုင်ပါတယ်။

ဘန်ကောက်အပြည်ပြည်ဆိုင်ရာ သုဝဏ္ဏဘုံမိလေဆိပ်(Suvarnabhumi Airport) ကို ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာဖြတ်၊ အထုတ်အပိုးတွေရွေးပြီးရင် Arrival Exit ကိုရှာပြီး အပြင်ကိုထွက်ပါ။ လေဆိပ်အတွင်းမှာ အခမဲ့ယူနိုင်တဲ့ ဘန်ကောက်မြေပုံတခုကို ယူထားလိုက်ပါ။ ဓာတ်လှေကားနဲ့ အောက်ထပ်ကိုဆင်း၊ Public Taxi ဆိုင်းဘုတ်ကိုရှာပြီး အပြင်ကိုထွက်သွားလိုက်ရင် အ၀ါနဲ့အစိမ်းရောင်ပါ တက်စီကားတွေ စီတန်းထားတဲ့နေရာကို တွေ့ရပါမယ်။ ကောင်တာမှာ မိမိသွားလိုတဲ့နေရာကိုပြောပြရင် ဈေးနှုံးသိရပါမယ်။ ဥပမာ ကျနော်တည်းခိုတဲ့ စူကွန်ဗစ်အရပ်(Sukhumvit)ဆိုရင် ဟိုင်းဝေးဂိတ်ကြေးအပါအ၀င် ထိုင်းဘတ်ငွေ ၄၀၀ (ခရီးသည်နဲ့ပစ္စည်းများရင် ၅၀၀) ဟာ ပုံမှန်ဈေးနှုံးဖြစ်ပါတယ်။ ဒရိုင်ဘာတွေက ဟိုင်းဝေးဂိတ်ကြေး ၂ ခု အတွက် (၄၅ + ၂၅) ဘတ် ၇၀ ပေးရပါတယ်။

လေဆိပ်ကနေမြို့တွင်းကိုသွားဖို့ ပိုပြီးအကုန်အကျသက်သာတဲ့ အခြားနည်း၂ခုကတော့ ဘတ်စ်ကားလိုင်းနဲ့ ဖြစ်ပါတယ်။ အထုတ်အပိုးနည်းနည်းနဲ့ စုံတွဲ သို့မဟုတ် တယောက်တည်းသမားအတွက် ပိုသင့်တော်ပါတယ်။ မိမိသွားလိုတဲ့ နေရာပေါ်မူတည်ပြီး Airport Express Bus AE01,02,03,04 လေးလိုင်းရှိပါတယ်၊ လူတယောက်ကို ဘတ် ၁၅၀ ပေးရပါတယ်။

အသက်သာဆုံးကတော့ ရိုးရိုးဘတ်စ်ကားလိုင်း ဖြစ်ပါတယ်။ ၂ ဆင့်စီးရပါတယ်။ public taxi စီးရမဲ့နေရာရဲ့ ညာဖက်ကိုဆက်လျှောက်သွားပါ၊ အဆုံးနားမှာ ဘတ်စ်ကားမှတ်တိုင်လေးနဲ့ ထိုင်ခုံတန်းလေးတွေ့ရပါမယ်၊ အဲဒီမှာ ဘတ်စ်ကား စောင့်ရပါမယ်။ Airport shuttle/bus ဆိုတဲ့ကား မှတ်တိုင်မှာလာရပ်ရင် တက်စီးသွားပါ၊ အဲဒီဘတ်စ်က အခမဲ့ဖြစ်ပါတယ်။ လေဆိပ်ကနေ ထွက်ခွာပြီး ၁၅ မိနစ်လောက်အကြာမှာ bus terminal (ဘတ်စ်ကားဂိတ်ဝင်းအကြီးကြီး) မှာ ရပ်တယ်၊ အဲဒီမှာဆင်းပြီး ဆိုင်းဘုတ်ကြီးတခုမှာ ကိုယ်သွားချင်တဲ့ လမ်းနာမည်ကိုရှာပြီး သက်ဆိုင်တဲ့ ဘတ်စ်ကားနံပတ်မှာ သွားစီးရပါတယ်။ ကျနော်တည်းတဲ့ စူကွန်ဗစ်လမ်းကို ၃၄ ဘတ်ပဲ ပေးရပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး(၁ နာရီခွဲလောက်) စီးရပါတယ်။



ဘန်ကောက်မှာ အမေက ကျန်းမာရေးစစ်ဆေးဖို့လည်း ရှိနေတယ်ဆိုတော့ သူသွားနေကျ ဘန်ရမ်ဂရတ်ဆေးရုံ(Bumrungrad International Hospital) ကိုလည်း ကျနော်ရောက်ခဲ့ပါတယ်။
အဲဒီဆေးရုံရဲ့ နာမည်ကျော်ကြားမှု ၀န်ဆောင်မှုကောင်းမှုကိုတော့ အထူးမရေးတော့ပါဘူး။ bumrungrad.com မှာ သွားပြီးလေ့လာလို့ရပါတယ်။ ဆေးရုံက Sukhumvit soi 1 စူကွန်ဗစ်လမ်းမကြီး လမ်းသွယ် (၁)နဲ့(၃) ကြားမှာ တည်ရှိပါတယ်။ ကျနော်တို့က လမ်းသွယ်(၁)က တိုက်ခန်းတခုမှာနေပါတယ်။ ဆေးရုံက မျက်နှာချင်းဆိုင်မှာဆိုတော့ အမေဆေးစစ်ဖို့အတွက်သာမက အစာစားဖို့ အင်တာနက်သုံးဖို့အတွက် မကြာခဏ ဆေးရုံကိုရောက်ဖြစ်ပါတယ်။



ဆေးရုံမှာ ဆေးလာကုကြတဲ့ နိုင်ငံတကာကလူနာတွေထဲမှာ မြန်မာပြည်ကလူတွေလည်း မနည်းပါဘူး။ ဆေးရုံအနားတ၀ိုက် တည်းခိုခန်းမှာ စားသောက်ဆိုင်တန်းမှာ ဆေးရုံထဲမှာ နေ့စဉ်လိုလို မြန်မာဧည့်သည်တွေနဲ့ ဆုံတတ်ပါတယ်။ ဆေးရုံထဲက စားသောက်ဆိုင်တွေထဲမှာလည်း မြန်မာပြည်က အလုပ်သမား စုစုပေါင်း ၁၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ ဒါတင်မကပါဘူး ဘန်ရမ်ဂရတ်ဆေးရုံမှာ မြန်မာစကားပြန်ရှိတယ်၊ ငွေလဲလှယ်ပေးတဲ့ မြန်မာရှိတယ်၊ မြန်မာသူနာပြုတွေလည်း ရှိပါတယ်။



အထူးသဖြင့် မြန်မာပြည်ကနေ ဆေးလာကုကြတဲ့ လူနာတွေ အဆင်ပြေဖို့အတွက် ဆေးရုံအနားမှာ တည်းခိုခန်းတွေ၊ apartment (ဟိုမှာ ကွန်ဒုံ condominium လို့ခေါ်တယ်) တွေ၊ တိုက်ခန်းဌားစားတဲ့ မြန်မာကိုယ်စားတွေ ရှိကြပါတယ်။ အကြမ်းဖျင်း အိပ်ခန်း၁ခု နဲ့ အိပ်ခန်း၂ခုပါ တိုက်ခန်းဌားခဟာ တရက်ကို ဘတ် ၉၉၀ နဲ့ ဘတ် ၁၅၀၀ အတွင်းရှိပါတယ်။ (ဒီရက်ပိုင်းအတွင်း ငွေလှဲနှုံးကတော့ ၁ ဒေါ်လာ = ၃၃ ဘတ် ခန့် ရှိပါတယ်)

စူကွန်ဗစ်အရပ်မှာ နေထိုင်သူများအတွက် ငွေလဲလှယ်ဖို့ super rich money exchange ဆိုင်မှာလဲရင် အခြားနေရာတွေထက် နဲနဲပိုရပါတယ်။ တလမ်းထဲမှာ Super Rich ဆိုင်ခွဲတွေ ၄ ခုလောက်ရှိပြီး ဈေးနှုံးတွေအတူတူ ဖြစ်ပါတယ်။ လိပ်စာကတော့ 67-69 Rachadamri Rd ဖြစ်ပြီး Big C စတိုး နဲ့ Central World Plaza နဲ့ နီးပါတယ်။ အရေးပေါ်လဲလှယ်ဖို့ဆိုရင်တော့ နီးစပ်ရာဘဏ်တခုခုမှာ လဲနိုင်ပြီး ၀.၃၀ ခန့််သာကွာခြားပါတယ်။



ဘန်ကောက်မှာ အစားအသောက်တွေက ပေါများပါတယ်။ လမ်းဘေးဆိုင်တွေမှာ ခေါက်ဆွဲတပွဲ ၂၅ ဘတ်၊ အုန်းသီးတလုံး ၂၀ ဘတ်၊ သင်္ဘောသီးထောင်း ၄၀ ဘတ်၊ ကန်ဇွန်းရွက်ကြော် ၄၀ ဘတ်၊ ထိုင်းအချိုပွဲ(သရက်သီးနဲ့ ကောက်ညှင်းထမင်း နို့ဆမ်း) ၄၀ ဘတ်။ ဆေးရုံထဲကဆိုင်တွေမှာတော့ ဈေးအနည်းငယ်ပိုပေးရပါတယ်။ ခေါက်ဆွဲ၊ ကြက်ဆီထမင်း၊ ကီးမားပလာတာ၊ ဆန်ပြုတ် တွေက ၅၀ - ၉၀ ဘတ်အတွင်းရှိပါတယ်။ ဒါပေမဲ့ အဲယားကွန်းအခန်းနဲ့ အေးအေးဆေးဆေးတော့ စားသောက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံဟာ လည်ပတ်လို့လည်းကောင်း အကုန်အကျလည်း သက်သာတယ်လို့ ဆိုရပါမယ်။ ခရီးသွားမှတ်စုကို ဆက်လက်ရေးသား သွားပါမယ်။

၁။ Bumrungrad Hospital - 33 Sukhumvit Soi 3, Bangkok 10110 (bumrungrad.com)
မြန်မာပြည်အေးဂျင့် - လှကေခိုင်၊ ခင်သန္တာ Summit Parkview Hotel, Yangon, phone – (951) 723999 ext. 238
၂။ ဆေးရုံမြန်မာစကားပြန် - ဒေါ်မြမြ၀င်း(Tammy), phone - 0818014496
၃။ ဆေးရုံအနား အခန်းဌားရန် - ဒေါ်အားရင်(Ah Yin), phone - 0800493175
၎။ အလည်အပတ်အတွက် ကားဌားရန် - ကိုဝင်းလွင်, phone – 0863022672
၅။ လေယာဉ်လက်မှတ်စုံစမ်းဖို့ - www.china-airlines.com



ရဲချုပ်ခင်ရီကို သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ်ပြောင်းရွှေ့
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
          ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့ အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူး လို့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်းတွက်ဆကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်း တဦးကပြောပါတယ်။
အဆိုပါ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ကို စစ်ဆေးနေစဉ်မှာ အကျယ်ချုပ်နဲ့ ထားရှိဖို့ စီစဉ်တာရော၊ တိမ်းရှောင်သွားဖို့ လမ်းဖွင့်ပေးရာမှာပါ ရဲချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါဝင်ခဲ့တဲ့လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကပြောဆိုကြပါတယ်။ အဲဒီလို မလုပ်ဆောင်ပဲ ရဲမှူးကြီး ၀င်းနိုင်ကို ဆက်လက်စစ်ဆေးမယ် ဆိုရင် တနွယ်ငင် တစင်ပါဆိုသလို အခြားဝန်ကြီးတွေပါ ပါလာလိမ့်မယ် လို့လည်း အထက်ပါ သတင်းရပ်ကွက်များက ပြောဆိုကြပါတယ်။ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း ကာလမှာ ရန်ကုန်မှာ ဒုတိုင်းရဲမင်းကြီး အဖြစ်တာဝန်ယူခဲ့သူ ၂၀၀၈ ခုနှစ်ဆန်းပိုင်း စိမ်းလဲ့ကန်သာလမ်း ၅လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများမှာ တာဝန်ယူခဲ့သူ၊ ယခုနှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ဝင်ရောက်မှု နောက်ပိုင်း အဖြစ်အပျက်တွေမှာ တာဝန်ယူခဲ့ရသူ တဦးဖြစ်ပါတယ်။
၅လောင်းပြိုင်လူသတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဖို့ နအဖ အထက်ပိုင်းက တိုက်ရိုက်အမိန့်ပေးခဲ့တာ၊ အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းသိရှိခဲ့ရသမျှ မှတ်တမ်းတွေကို ကာကွယ်ရေး ၀န်ကြီးဌါနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက လာရောက်သိမ်းဆည်းသွားခဲ့တာ တွေဟာ အထက်ပါအမှုနဲ့ ပတ်သက်လို့ ထပ်မံဖေါ်ထုတ်တာကို နအဖ အထက်ပိုင်းက မနှစ်သက်ဘူးလို့ ရန်ကုန်တိုင်းမှာ တာဝန်ယူနေတဲ့ အမည်မဖေါ်လိုသူ ရဲအုပ်တဦးက ပြောဆိုပါတယ်။
ထို့အတူပဲ ဂျွန်ယက်တော ရေကူးဝင်ရောက်တဲ့  ကိစ္စမှာလည်း နအဖ အစိုးရက ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်း ရဲမှူးကြီးလုပ်တဲ့သူက အသိရှိဆုံး ဖြစ်မှာပါ။ ထိုသို့သော အချက်အလက်တွေဟာ ရဲမှူးကြီး ၀င်းနိုင်ကို ပေးတိမ်းရှောင်စေလိုက်တာလား၊ ရဲချုပ်ကို အခြားနေရာရွေ့စေသွားတာလား ဆိုတာစဉ်းစားစရာပါလို့ ရန်ကုန်မြို့ခံတဦးက သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်ရှုခင်း နိုဝင်ဘာ ဒုတိယပတ်
လမ်းလျှောက်ဂျာနယ်လစ်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ကမ္ဘာပျက်မှာလား အခုလောလောဆယ် တော့ ပိုပူလာတာ သေချာ
          ရန်ကုန်မြို့ကြီးမှာ ယခုရက်ပိုင်း လူတွေ အပြောများဆုံးက ကမ္ဘာကြီး ပူနွေးလာပြီ ဆိုတာပါ။ နိုဝင်ဘာလ ထဲရောက်ပြီ ဆိုပေမယ့် ပူအိုက်တာက အောက်တိုဘာ လဆန်း သီတင်းကျွတ်အတိုင်းပါပဲ။ နိုဝင်ဘာလဆန်း ၁ရက်နေ့မှာ အရှေ့မြောက်လေ စတိုက်ပြီး အနည်းငယ် အပူချိန်လျော့ကျသွားတာ ၃ရက်လောက်ပဲ ကြာပါတယ်။ အဲဒီနောက် ဗီယက်နမ်မှာ ၀င်သွားတဲ့ မုန်တိုင်း အရှိန်နဲ့ မိုးအုံ့ခဲ့ပြီး ယခုထက်တိုင် ပူအိုက်နေတာ နွေရာသီအလား ဖြစ်နေပါတယ်။
          ဒါကြောင့် ဆောင်းဦးဝင်စ ရာသီမှာ လေအေးပေးးစက် တပ်ဆင်၊ ရောင်းချတဲ့လုပ်ငန်း၊ ရေသန့်ရောင်းဆိုင်များ အလုပ်များနေဆဲပါ။ ခရီးသွားကားအငှား လုပ်ငန်းပါ တွဲဘက် လုပ်ကိုင်နေတဲ့ ကားဝယ်ရောင်း တဦးက ဒီနှစ်ဆောင်းရာသီတော့ ကျွန်တော်တို့ အတွက်မဟုတ်ပါဘူး။ အဲယားကွန်း တပ်ဆင်တဲ့ ပြင်တဲ့သူတွေ အတွက်ပဲ အလုပ်အကိုင်ကောင်းမယ့် ရာသီပါလို့ ဆိုပါတယ်။
          ဂျာနယ်တွေမှာလည်း ကမ္ဘာကြီးပူနွေးလာမယ်၊ ကမ္ဘာကြီး ဒိထက်ပိုစောင်းသွားမယ် ဆိုတဲ့ပြောဆိုချက်တွေဟာ ကောလဟလ မဟုတ်ပါဘူးလို့ ဆိုနေကြပါတယ်။ ကမ္ဘာပူနွေးလာမှုဟာ ရေခဲပြင်တွေ အရည်ပျော်စေပြီး ၀င်ရိုးစွန်းရဲ့ အလေးချိန်တွေ ပြောင်းလဲသွားကာ လည်ပတ်မှု အနေအထား မျှခြေကို ပြောင်းလဲစေပြီး ကမ္ဘာကြီးပိုမို စောင်းသွားမယ်လို့ ခန့်မှန်းတာပါလို့ ရေးသားပြောဆိုနေကြပါတယ်။
          ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကြီးပူနွေးလာနေတယ် ၊ ကြွပ်ကြွပ်အိတ်တွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဖြစ်စေတယ် လို့ဆိုပြီး မန္တလေးမှာ ကြွပ်ကြွပ်အိတ်မသုံးရလို့ အမိန့်ထုတ်လိုက်ပါလေရော။ အဲ အခုတော့ ရန်ကုန်မှာပါ ကြွပ်ကြွပ်အိတ် မထုတ်လုပ်ရတော့ဘူးလို့ အမိန့်ထုတ်ပြန်ပါပြီ။ သစ်တောတွေ ခုတ်လှဲနေတာ၊ လူမမြင်ရတဲ့ တောတွေတောင်တွေထဲက သစ်ပင်တွေ နေ့စဉ်နဲ့အမျှ ခုတ်လှဲပြီး ရောင်းစားနေကြတာက မြန်မာနိုင်ငံအတွက် ရေရှည်မှာ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိစေမှာပါ။
          အခုနှစ်ကတော့ စက်မှု ထွန်းကားတဲ့ နိုင်ငံတွေက ထုတ်လွှတ်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တွေကြောင့် ကမ္ဘာကြီးကို ပိုမိုပူနွေးလာနေပြီး ရာသီဥတုတွေ မမှန် မုန်တိုင်းက ဆောင်းရာသီကို ၀င်လို့လဲ မကုန်ဆုံးနိုင်ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံမှ လူအတော်များများက ရာသီဥတု ပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာ လူတိုင်းနဲ့ သက်ဆိုင်လာနေတယ် ဆိုတာနားလည်လာကြပါပြီ။

မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌကို သစ်တောရေးရာ ၀န်ကြီးက တာဝန်ယူထားပါတယ်
          သစ်တောတွေ မပြုန်းတီးရအောင်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ၊ လှုပ်ဆောင်မှုတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေကြပြီလဲ လို့မေးရင် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌကို သစ်တောရေးရာ ၀န်ကြီးက တာဝန်ယူထားပါတယ်။ သစ်တောခုတ်ခွင့် လက်မှတ်ထိုးနေရတဲ့သူကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှာ ဥက္ကဌပေးထားတာဟာ လူတွေကို ဖမ်းဆီး တရားစွဲဆိုနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာ လူ့အခွင့်အရေး ကော်မတီမှာ ဥက္ကဌလုပ်နေ သလိုပါပဲ။ ဆန့်ကျင်ဘက် သဘာဝရှိတဲ့ ရာထူး နှစ်ခုကိုတပြိုင်ထည်း ယူထားစေတာဟာ သူခိုးလက်ထဲ ဘဏ္ဍာတိုက်သော့အပ် ထားသလိုဖြစ်နေသလား လို့ဆိုရမယ် ထင်ပါတယ်။
 
လူတွေကို ဖမ်းဆီး တရားစွဲဆိုနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာလူ့အခွင့်အရေးကော်မတီမှာ ဥက္ကဌလုပ်နေ သလိုပါပဲ
 ဒေါ်စုကို လွှတ်မှာလား

          ယခုရက်အတွင်း ရန်ကုန်မှာ ပြောဆိုနေကြတာ သတင်းတပုဒ်ကတော့ နအဖ အစိုးရရဲ့ နိုင်ငံခြားရေးဌါန ညွှန်ချုပ် တဦးဖြစ်တဲ့ ဦးမင်းလွင်က ဖိလစ်ပိုင်နိုင်ငံမှာ ပြောခဲ့တဲ့ စကားတခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်၊ လာမယ့် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
          ဒီလိုပြောဆိုချက်ကြောင့် မြန်မာ့နိုင်ငံရေး အလားအလာကောင်းတွေ ပေါ်လာတော့မလား ဆိုပြီးအချို့ကမျှော်လင့် လာကြပါတယ်။ တချို့ကလည်း နအဖ အစိုးရကို မယုံရဲသေးပဲ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ဆိုကြပါတယ်။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်တယ် ဆိုရင် ဘာကြောင့် ရေကူးဝင်တဲ့ အမေရိကန်နိုင်ငံသား ကိစ္စမှာ အမှုဆင်ပြီး ထောင်ချလိုက်ရတာလဲ လို့မေးခွန်းထုတ်ကြပါတယ်။ မေလလယ်ကနေ သြဂုတ်လအထိ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားရော ကမ္ဘာက ကန့်ကွက်တာတွေကိုပါ ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဇွတ်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်တာဟာ ပြစ်ဒဏ် ကျခံရတယ်ဆိုတဲ့ အဖြစ်ကို ရောက်အောင်နဲ့ ရွေးကောက်ပွဲမှ ဖယ်ရှားလိုတာကြောင့် ဆိုတာထင်ရှားတယ်လို့ အားလုံးကနားလည်ထားကြပါတယ်။
          ဒါကြောင့် ယခုလပိုင်းမှာ  အမေရိကန် အစိုးရရဲ့ သံတမန်ရေးအရ လှုပ်ရှားမှုအပေါ် နအဖက နိုင်ငံရေး အမြတ်ထုတ်တာလား ဆိုတဲ့ သံသယနဲ့ ရှုမြင်နေကြသူလည်း အများအပြားရှိနေဆဲပါ။ နအဖ အစိုးရ အချိန်ဆွဲလာတာ၊ လှည့်စားလာတာ တကြိမ်မကတော့ တာကြောင့် လည်းလူထုက မယုံရဲသေးတာပါ။


မေငြိမ်း - စာဖတ်ခြင်း အနုပညာ
ဆန်ဖရန်ဘေးဧရိယာ BADA အဖွဲ့၏ ၁၀ ကြိမ်မြောက် စာပေဟောပြောပွဲ ရုပ်သံမှတ်တမ်း - အပိုင်း ၃
မိုးမခမီဒီယာက ရိုက်ကူးတင်ဆက်သည်
နိုဝင်ဘာ ၁၁၊ ၂၀၀၉

ကဗျာထဲက သားအဖ
တင်မိုး၊ မိုးချိုသင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။
တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။
အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။
ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောကျာင်္းလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ယောက်မြောက်ကျမှ ယောကျာင်္းလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမ ပေါ့။
တယောက်တည်းသော သားယောကျာင်္းလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာ တချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလဲ အဖေနဲ့ စရိုက် လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူး ဆိုတဲ့ လူမျိုး။
အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း

သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။


သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။


သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။



ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတု တွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။


အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈


လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခ ကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလဲ သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။


သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့ ၅ပေ ၄လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅


အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမဲ့ သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၂၀၀၁ ခု နိုဝင်ဘာ ၁၀ရက်မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။
သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

(ထုံးစံအတိုင်း … မိုးချိုသင်းဘလောဂ့်က ယူပါတယ် )